မတ်လ ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ဒေါက်တာသီဟတင်ထွန်းအတွက် မိခင်ဖြစ်သူ၏ ၉လပြည့် ရင်ကွဲအလွမ်း 😢 ( “သားဆီသို့” )

မတ်လ ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ဒေါက်တာသီဟတင်ထွန်းအတွက် မိခင်ဖြစ်သူ၏ ၉လပြည့် ရင်ကွဲအလွမ်း 😢 ( “သားဆီသို့” )

“သားဆီသို့” သို့/ချစ်လှစွာသောသား

အမေတို့မတွေ့ရတာဒီနေ့ဆို၉လကြာခဲ့ပြီနော်။ အမေတို့ကသားကိုလွမ်းနည်းပေါင်းစုံနဲ့လွမ်းနေကြပါတယ်။ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့သားရယ်။ မင်းအမေကြီးကသတိရတိုင်း၊မင်းရှိနေသလိုပဲစကားတွေပြောတယ်။မင်းကြားမှာပါနော်၊သား။ မင်းအဘွားကလည်းမင်းနာမည်ကိုခေါ်ပြီးနေ့တိုင်းအမျှပေးဝေခဲ့တယ်။အခုတော့အဘွားမရှိရှာတော့ဘူးသားရယ်။

မင်းအဒေါ်တွေနဲ့မင်းဦးလေးကသားအတွက်ရည်စူး၊ကုသိုလ်ကောင်းမှုတွေလုပ်ပေးနေကြတယ်။ မင်းရဲ့ညီအစ်ကိုမောင်နှမတွေ၊မင်းမိတ်ဆွေသူငယ်ချင်းတွေအားလုံးကသတိရလွမ်းဆွတ်နေကြပါတယ်။ သားရေ ၊မင်းမရှိတဲ့နောက်မှာ ဆိုးရွားလှတဲ့အဖြစ်အပျက်တွေ ထပ်ခါထပ်ခါကြုံတွေ့နေရလို့အမေ့မှာနှလုံးရောဂါဖြစ်နေပြီသားရယ်။

အမေ့ရောဂါကအသစ်အဆန်းသားရဲ့။အသည်းကြွပ်ဆတ်မာကျောတဲ့ရောဂါလိုပဲ နှလုံးကြွပ်ဆတ်မာကျောတဲ့ရောဂါလေ။ အမေ့နှလုံးသားကနူးညံ့ပျော့ပျောင်းမလာပဲပိုပြီးမာကျောတင်းကျပ်သွားတာကြောင့်သွေးလှည့်ပတ်မှုမကောင်းတော့ဘူးထင်တယ်။ ဘယ်ကုထုံးနဲ့များကုရမလဲကွယ်။အမေ့သားရှိနေသေးရင်တော့ ဆရာကျော်ရေ ကျွန်တော့်အမေကိုဘယ်လိုလုပ်ပေးရမလဲလို့တိုင်ပင်မှာပေါ့ကွယ်။

မမ(စိတ်အထူးကု)ရေ အမေ့ကိုအဆင်ပြေအောင်ကုပေးပါနော်လို့အကူအညီတောင်းမှာပဲပေါ့။အခုလည်းမင်းမမကအမေ့ကိုမအားတဲ့ကြားကသက်သာအောင်ကုပေးနေပါတယ်။

မင်းရဲ့ချစ်မိတ်ဆွေကဗျာဆရာဒေါက်တာကလည်းအမေလှမ်းပြီးရင်ဖွင့်တိုင်းအချိန်အကြာကြီးနားထောင်ပေးပြီးအမေ့နှလုံးရောဂါကိုသက်သာအောင်နှစ်သိမ့်ပေးပါတယ်။

အမေ့နှလုံးမာကျောကြွပ်ဆတ်သွားတာဟာသားကိုဆုံးရှုံးရလို့၊သားကိုလွမ်းဆွတ်တာကြောင့်ချည်းပဲတော့မဟုတ်ပါဘူးကွယ်။ငါ့ကြောင့်ငါ့အမေရောဂါဖြစ်တာလို့ထင်မနေနဲ့နော်သားရေ။တကယ်တော့ငါးဖယ်တေသလိုအထပ်ထပ်အခါခါအတေခံ(ထုရိုက်ခံ)ရလို့ပါ။

အမေ့နှလုံးသားဟာအက်ဆစ်လောင်းခံရ၊ပွင့်ထွက်အောင်အပစ်ခံရ၊ဆောင့်ကန်ခံရ၊သေနတ်ဒင်နဲ့အရိုက်ခံရ၊လေးထပ်တိုက်ပေါ်ကခုန်ချရ၊ကားနဲ့တိုက်ခံရ၊ဗုံးကြဲခံရ၊မီးရှို့ခံရ၊မြစ်ရေထဲဖြတ်ပြေးရ၊ထုရိုက်ခံရ၊အစော်ကားခံရနဲ့ပါကွယ်။ ကြာတော့လည်းဒီနှလုံးသားဟာ မာသည်ထက်မာလာပြီး ဘာကိုမှမဖြုံ ထုံပေပေနဲ့ပေါ့။အခုနေခါမှာအမေက ဒရာမာချိုးတယ်ဆိုတဲ့စကားလုံး အမုန်းဆုံးပဲလို့ထင်ပါတယ်။

ငွေနောက်ဘယ်တော့မှမလိုက်တဲ့အမေ၊ငွေကိုမမက်မောတဲ့မင်းအမေ ငွေရှာနေရတယ်သားရယ်။မိတ်ဆွေတွေဆွေမျိုးတွေ ကူကြသူတွေကိုမှတ်တမ်းထား မင်းသိစေချင်လို့အမေပြောပြပါမယ်နော်။ အမေတို့ကိုအမှီပြုနေကြသူတွေကိုပြစ်မထားနိုင်တဲ့စိတ်ကြောင့် အမေဟာရှေ့မျက်နှာနောက်ထား အားနာစွာနဲ့ပဲ၊ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့အလုပ် ဇွတ်မှိတ်ပြီးလုပ်ရတယ်သားရယ်။

တချို့မိတ်ဆွေတွေကအားနာလောက်အောင်ကူညီကြတယ်။ကျေးဇူးမမေ့ပါဘူးကွယ်။တချို့ကတော့ဒါနပါရမီထူးတယ်လို့မြန်ပြည်တခွင်ကျော်ကြားပေမဲ့ အမေ့ရဲ့အကူအညီတောင်းစာကြောင့် မက်ဆင်ဂျာကသူ့စာလေးတွေကိုဖျက် တိတ်တဆိတ်ပျောက်ကွယ် အမေနဲ့ပတ်သက်ရမှာတောင်ကြောက်ရှာသတဲ့ကွယ်။ သိန်းပေါင်းရာချီပြီးအလှူကြီးပေးနေကျလူတွေမို့လို့ နွေဦးပန်းလေးတွေကိုရေလောင်းပေးမယ်တော့မထင်လေနဲ့ကွယ်။ငါ့သားသာသိရင်တော့လေ။ အမေစိတ်ပူလို့ပါသားရယ်လို့ပြောမိတာတောင်…ဒါဆိုဘယ်လိုလုပ်ပြီးတော်လှန်ရေးအောင်မြင်မှာလဲလို့ပြောပြီး အမေ့ကိုစိတ်ကောက်တဲ့သား ဘယ်လောက်များလောကဓံကိုထီမထင်ခံစားနေရရှာမလဲကွယ်။

အမေကတော့သားစိတ်ပျက်အောင်မလုပ်ဘူးနော်။အမေတို့ကြိုးစားကြတာသားလည်းအသိပဲ။ ဂရုမစိုက် ၊ထုံပေပေကပ်တပ်တပ်၊ဘာပဲဖြစ်ဖြစ် ဘာပဲကြုံကြုံ၊ လာချင်ရာလာစမ်း ဆိုတဲ့စိတ်နဲ့အမေတို့မိသားစု ရေမျောကမ်းတင်ဘဝနဲ့နေနေကြတာသားလည်းအမေတို့အတွက်ကျေနပ်ဂုဏ်ယူနေဖို့ပါ။အမေတို့လည်းသားအတွက်ဂုဏ်ယူရတယ်လေ။အပြန်အလှန်ပေါ့ကွယ်။

မင်းရဲ့ချစ်လှစွာသောအဘဆုံးတာ၁၂နှစ်ပြည့်တော့မယ်။အဘအကြောင်းပြောတိုင်းငိုတတ်တဲ့သားရေ မင်းသူတို့ရောက်တဲ့နေရာမှာသတ္တိပြကြတယ်။မင်းအားပေးလိုက်ပါဦးသားရေ။မငိုပါနဲ့တော့နော်။မင်းကျေနပ်စွာပြုံးနေပါကွယ်။

အမေ့ရဲ့ကလေး၊မင်းရဲ့ညီလေးတွေ မင်းသားလေးတွေလိုနုချောတဲ့သူရဲကောင်းလေးတွေ အခုအချိန်မင်းသာရှိသေးရင်သူတို့နဲ့အတူရဲစွမ်းပြနေမှာအမေမြင်ယောင်ပါသေးတယ်ကွယ်။မင်းသူငယ်ချင်းတွေအနားမှာမင်းကိုအမြဲမြင်ယောင်နေပါတယ်သားရယ်။

ဒီကာလမှာစာအရှည်ကြီးရေးလို့မတော်ဘူးဆိုပေမဲ့သားကိုလွမ်းလို့အမေစာအရှည်ကြီးရေးလိုက်တယ်။ဖတ်ပြီးပြုံးနေတဲ့မင်းရုပ်သွင် အမေမြင်နေရတာမို့ အလွမ်းပြေပါတယ်အမေ့သားရယ်။

crd-AyeAyeKhaing

Add a Comment

Your email address will not be published.